Cover Image

အဝတ်လျှော်ဆပ်ပြာ အကြောင်း

December 25, 2019 - Reading time: ~1 minute

အဝတ်လျှော်ခြင်းဟာ လူတိုင်းရဲ့ နေ့စဉ်လိုအပ်ချက်များထဲက ဖြစ်နေသည်။ ယနေ့ခေတ် အဝတ်လျှော်စက်များပေါ်လာပြီးနောက်တွင် အဝတ်လျှော်ခြင်းသည် ပိုမို၍ လွယ်ကူလာသည်။ထိုထက်ပို၍ လွယ်ကူလာသည်မှာ online အဝတ်လျှော်ဝန်ဆာင်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အဝတ်များအားလုံး လျှော်ဖွပ်မီးပူတိုက်ပြီး အသင့်ဝတ်ရုံ အနေအထားအထိရောက်လာသည်။
အဝတ်အစားများကို ကိုယ်တိုင်လျှော်တော့မယ်ဆိုရင် စက်နဲ့ပဲလျှော်လျှော် လက်နဲ့ပဲလျှော်လျှော် မဖြစ်မနေပါရမှကတော့ ဆပ်ပြာမှုန့်ဖြစ်သည်။ ထို့ကြောင့် ဆပ်ပြာမှုန့်များ၏ ကောင်းကျိုးဆိုးကျိုးများကို သိရှိဖို့လိုလာပြီဖြစ်သည်။

အသားအရေထိခိုက်မှု
ကိုယ်တိုက်ဆပ်ပြာ တစ်ခုတည်း ခန္ဓာကိုယ်နဲ့တိုက်ရိုက်ထိတွေ့ နိုင်တာမဟုတ်ပါဘူး။ သင်လျှော်လိုက်တဲ့ အဝတ်လျှော်ဆပ်ပြာကလည်း အဝတ်တွေမှာအနည်ထိုင်ပြီး အဝတ်ကတစ်ဆင့် သင့်ရဲ့ အသားအရေတွေကို ထိခိုက်နိုင်ပါတယ်။
သင့်ကိုယ်တိုင် (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်မှာ အသားအရေနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိ နေပြီဆိုရင် သင်သုံးနေတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်ကို သတိထားဖို့ လိုလာပါပြီ။ သင့်အိမ်မှာမွေးကင်းစ ကလေးငယ်တွေရှိနေမယ်ဆိုရင် သူတို့ရဲ့အဝတ်အစားတွေကို အရွယ်ရောက်ပြီးသားလူတွေရဲ့အဝတ်အစားတွေကို လျှော်တဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်ကိုသုံးလို့မရတော့ပါဘူး။
အရမ်းမွှေးတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်တွေကို မသုံးဘဲ အဝတ်အစားတွေမွှေးဖို့ အတွက်ဆိုရင် အမွှေးရည် (Laundry Softener) ကိုသုံးသင့်ပါတယ်။ အဝတ်အစားမှာ ဆပ်ပြာမှုန့် အနည်ထိုင်နှုန်းကို လျှော့ချဖို့ဆိုရင် သင်အဝတ်လျှော်တိုင်း ရှာလကာရည်ထည့်လျှော်သင့်ပါတယ်။

ရနံ့
အနံ့ဟာလည်း အဝတ်လျှော်ဆပ်ပြာမှုန့် ရွေးချယ်ရာမှာ ထည့်စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။သင့်ရဲ့မိသားစုထဲမှာ အနံ့နဲ့ပတ်သက်ပြီးရောဂါတစ်ခုခုဖြစ်နေတဲ့သူပါလာရင်တော့ သင်ဟာ အနံ့မပါတဲ့ ဆပ်ပြာမှုန့်ကို ရွေးသုံးသင့်ပါတယ်။ သင်ရွေးချယ်လိုက်တဲ့ ဆပ်ပြာမှုန့်ဟာ အနံ့အရမ်းပြင်းနေမယ်ဆိုရင် သင့်မိသားစုနဲ့သင့်အတွက် အန္တရာယ်ရှိနေပါပြီ

စွမ်းဆောင်ရည်မြင့် အဝတ်လျှော်ဆပ်ပြာ
အဝတ်လျှော်စက် အများစုကတော့ စွမ်းဆောင်ရည်အမြင့်ဆုံးလို့ တံဆိပ်တပ်ထားတတ်ကြပါတယ်။ ဒီစက်တွေက စက်စွမ်းဆောင်ရည်ကောင်းတော့ ရေနည်းနည်းပဲသုံးတယ်။ ဒီနေရာမှာသာမန် ဆပ်ပြာမှုန်တွေကို သုံးလို့မရတော့ပါဘူး။ သာမန်ဆပ်ပြာမှုန့်တွေထက် အနည်ကျနှုန်းပိုနည်းတဲ့ စွမ်းဆောင်ရည်မြင့်တဲ့ ဆပ်ပြာမှုန့်(specially formulated high efficiency)ကိုသုံးဖို့လိုလာပါပြီ။ မတော်တဆ သင်ဟာ သင့်ရဲ့စွမ်းဆောင်ရည်မြင့်တဲ့ဆပ်ပြာမှုန့်ကို သင့်ရဲ့အိမ်သုံးရိုးရိုး အဝတ်လျှော်စက်ထဲထည့်လိုက်ရင် ဘာမှထူးခြားမှုဖြစ်မှာမဟုတ်ပါဘူး။ သင့်ရဲ့ စွမ်းဆောင်ရည်မြင့်တဲ့ စက်ထဲကို ရိုးရိုးဆပ်ပြာမှုန့် မထည့်သင့်ပါဘူး။ရိုးရိုးဆပ်ပြာမှုန့်တွေက ရေနည်းနည်းမှာ သိပ်အလုပ်မလုပ်နိုင်လို့ပါ။

အညစ်အကြေးချွတ်နိုင်စွမ်း
တချို့ အဝတ်လျှော်ဆပ်ပြာတွေက စွမ်းဆောင်ရည်အရမ်းကောင်းကြတယ်။ အစွန်းချွတ်ဆေးပါတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်တွေဆိုရင် မိဘတွေအတွက်အရမ်းအဆင်ပြေတယ်။ သာမန်အစွန်းလေးတွေ ဖျော်ရည်၊ ဗွက် တွေက ဒီအဝတ်လျှော်ဆပ်ပြာမှုန့်တွေနဲ့ဆို အဆင်ပြေတယ်။ မလျှော်ခင် အဝတ်ကို အရင် အစွန်းမချွတ်ရတော့တဲ့ အတွက် အချိန်ကုန်လည်းသက်သာတယ်။ဈေးနည်းတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်တွေကလည်း အညစ်အကြေးကို အသင့်အတင့် ပြောင်စေပါတယ်။ ဈေးများပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်ကို သင်သုံးချင်နေလိမ့်မယ်။ ဘယ်ဆပ်ပြာမှုန့်ကို မဆို အသုံးမပြုခင် သင်နဲ့ကိုက်ညီမှုရှိရဲ့လား ဆိုတဲ့ အချက်ကို ထည့်သွင်းပြီးစဉ်းစားသင့်ပါတယ်။

သင်နဲ့ သင့်မိသားစုအတွက်ဆိုရင် သင့်အဝတ်လျှော်စက်ရဲ့စွမ်းဆောင်ရည်က သင်အဝတ်လျှော်ဆပ်ပြာမှုန့်ကို ရွေးချယ်ရာမှာ များစွာ အထောက်အကူပြုပါတယ်။ သင်ဟာ စွမ်းဆောင်ရည်မြင်တဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်တွေထဲမှာမှ သင့်ကြိုက်တဲ့ အနံ့နဲ့ ဆပ်ပြာကိုတွေ့ချင်မှတွေ့လိမ့်မယ်။ သင့်ရဲ့အဝတ်အစားတွေကတော့ သန့်ရှင်းနေမှာပါ။


Cover Image

မီတာခတွေ တွက်ကြည့်မယ်

December 25, 2019 - Reading time: ~1 minute

တွက်နည်းကို သိထားတဲ့အတွက် ချိန်ဆ တွက်ပြီးသုံးတတ်မယ်ဆိုလျှင် မီတာခ ကုန်ကျစရိတ်လည်း သက်သာနိုင်ပါတယ်။

လျှပ်စစ်မီတာခဟာ ယခုဆို ပိုမိုကြီးမြင့်လာပြီ ဖြစ်ပါတယ်။
မိမိအိမ်မှာရှိတဲ့ လျှပ်စစ် ပစ္စည်းတွေရဲ့ သုံးစွဲနှုန်း ယူနစ် နဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်ပြီး မီတာခ ကို ကြိုတင်ခန့်မှန်းကြည့်လို့ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း "၁၀၀၀ ဝပ် ၁ နာရီ ၁ ယူနစ်" ပုံသေနည်းနဲ့ မီတာခ ကုန်ကျစရိတ်ကို တွက်ကြည့်လို့ရပါတယ်။

လျှပ်စစ်ပစ္စည်းတွေမှာ လျှပ်စစ်ပါဝါသုံးစွဲနှုန်းတွေရှိပါတယ် ပစ္စည်းရဲ့ Specification တွေမှာ Power Consumption ကို ဖတ်ကြည့်ပါ။ Watt နဲ့တိုင်းပါတယ်။ အောက်ပါ အတိုင်း ဥပမာတွေနဲ့ တွက်ထားတာကို လေ့လာကြည့်ပါ။

အိမ်သုံး မီတာခနှုန်းထားမှာ
*** ၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း
*** ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊
*** ၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊
*** ၇၆ ယူနစ်မှ ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊
*** ယူနစ် ၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း
*** ယူနစ် ၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်
*** ယူနစ် ၂၀၁နှင့်အထက် ၁၂၅ ကျပ်

၁ ယူနစ်ကို အနည်းဆုံး ၃၅ ကျပ် မှ အများဆုံး ၁၂၅ ကျပ် ပါ။
ပျမ်းမျှယူမယ် ဆို တစ်လ ယူနစ် ၅၀၀ လောက် သုံးတဲ့ အိမ်တွေဆို ၁ ယူနစ်ကို ၁၁၀ လောက်ကျပါတယ်။

၁ ယူနစ်ကို ၁၁၀ ကျပ် နဲ့တွက်ကြည့်ရအောင် -

ဥပမာ (၁) - ၁၀၀၀ ဝပ် ရှိတဲ့ မီးပူ ကို ၁ နာရီ အသုံးပြုမယ် ဆိုလျှင် မီတာ ၁ ယူနစ် တက်ပါတယ်။

၁ ယူနစ်ကို ၁၁၀ ကျပ်နဲ့ တွက်ကြည့်ပါမယ်။

1 Unit x 110 Kyats = 110 Kyats
(၁၀၀၀ ဝပ် မီးပူကို တစ်နာရီ အသုံးပြုလျှင် မီတာခ ၁၁၀ ကျပ် ကျသင့်ပါတယ်။)

ဥပမာ (၂) အိမ်သုံး အပေါ်ဖွင့် အဝတ်လျှော်စက် ရဲ့ Power Consumption က 850 W လောက်ရှိပါတယ်။ ၁ နာရီ အသုံးပြုမယ်ဆိုလျှင် 0.85 ယူနစ် တက်ပါတယ်။

0.85 Unit x 110 Kyats = 93.5 Kyats
(850 Watt အဝတ်လျှော်စက် တစ်နာရီအသုံးပြုလျှင် မီတာခ ၉၄ ကျပ် လောက်ကျသင့်ပါတယ်)

ဥပမာ (၃) ၁ ကောင် (1 hp) air con တစ်လုံးရဲ့ Power Consumption က 745.7 W လောက်ရှိပါတယ်။ ၁ နာရီ air con ဖွင့်ထားမယ်ဆိုလျှင် 0.7457 ယူနစ် တက်ပါတယ်။

0.7457 Unit x 110 Kyats = 82.027 Kyats
(၁ ကောင်အား air con ၁ နာရီ ဖွင့်လျှင် 83 ကျပ်လောက် ကျသင့်ပါတယ်)
တစ်နေ့ကို ၁၀ နာရီ ဖွင့်မယ်ဆိုရင် ၁ ရက် 830 ကျပ်၊ တစ် လ ဆိုလျှင် ၂၄၉၀၀ ကျပ် လောက် ကျသင့်နိုင်ပါတယ်။

အိမ်ရဲ့ စုစုပေါင်း မီတာခ ကုန်ကျစရိတ်ကို ဒီ တွက်နည်းနဲ့ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ စုစုပေါင်း Power Consumption ဝပ်၊ အသုံးပြုချိန် စတဲ့ အချက်တွေကို မှတ်သားထားပြီး တစ်ဆိုင်လုံး လည်ပတ်မှုအတွက် တွက်ချက်ကြည့်လို့ရပါတယ်။


Cover Image

သန့်ရှင်းသော အဝတ်များ

December 24, 2019 - Reading time: ~1 minute

ညစ်ပါတ်နေသော အဝတ်အစားများသည် ပိုးမွှားများကိုလက်ခံထားသောနေရာတစ်ခုအဖြစ် တည်ရှိနေတတ်ပါတယ်။ ထို့ကြောင့်ညစ်ပါတ်နေသောအဝတ်အစားများကိုပြန်ဝတ်ပါက အရေပြားနှင့်ပါတ်သက်သော ရောဂါများဖြစ်ပွားဖို့ အလားအလာရှိပါတယ်။

အဝတ်အစားတွင်ကပ်တွယ်နေသော ပိုးမွှားများကြောင့်သော်လည်းကောင်း၊ သောက်သုံးထားသောဆေးလိပ်တို့ကြောင့်သော်လည်းကောင်း ခန္ဓာကိုယ် မှအနံ့ဆိုးများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဖိနပ်၏သန့်ရှင်းရေးသည်လည်း အင်မတန်မှအရေးကြီးပါတယ်။ ခြေဖဝါးတွင် ချွေးပေါက်များစွာရှိနေပြီး ဖိနိပ်ပိတ်များကြာရှည်စွာဝတ်ဆင်တဲ့အခါ မှောင်မှောင်မဲမဲ စိုစွပ်နေတတ်တာမို့ ပိုးမွှားတွေပေါက်ဖွားပွားများပြီး အနံ့ဆိုးများဖြစ်လာတော့တာပါပဲ။

ညစ်ပါတ်နေသောအဝတ်အစားများဝတ်ဆင်ခြင်းကြောင့် အနံ့ဆိုးများဖြစ်ပေါ်စေတတ်ရုံသာမကပဲ ခန္ဓာကိုယ်မှအရည်များပေနေသော အဝတ်အထည်၊ အန်ဖတ်များပေနေသော အဝတ်အထည်၊ တိရိစ္ဆာန်များနှင့်အထိအတွေ့ရှိထားသော အဝတ်အထည်များသည် ကျန်းမာရေးကိုပါဆိုးရွားစွာထိခိုက်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ဆေးပညာကျွမ်းကျင်ပညာရှင်များကပြောထားပါတယ်။

ထို့ကြောင့် အဝတ်အစားသည် အလှအပတစ်ခုတည်းအတွက်သာမဟုတ်ပဲ ကျန်းမာရေးအတွက်ပါလွန်စွာအရေးကြီးတာမို့ အဝတ်အထည်များကို သေချာဆေးကြော လျှော်ဖွပ်ရမယ်။ လျှော်ဖွပ်ပြီးပြီးချင်းလည်း စိုစွတ်သောနေရာမျိုးမှာမထားပဲ ချက်ချင်း အခြောက်ခံရမှာပဲဖြစ်ပါတယ်။ စိုစွတ်သောနေရာမှာထားရင် မှိုတက်တာတို့၊ ပိုးမွှားတွေပွားများလာနိုင်တာမို့ အထူးသတိပြုဖို့လိုပါတယ်။